ဦးနှောက်ထဲ ရေဝင်နေတာလား
ဦးနှောက်ထဲကို ရေဝင်နေတယ်ဆိုတာက ဦးနှောက်ထဲမှာရှိတဲ့ အခန်းတွေထဲမှာ Cerebrospinal Fluid (CSF) လို့ခေါ်တဲ့ အရည်တွေ လိုတာထက်ပိုပြီး စုပုံနေတာကြောင့်ပါ။ ဦးနှောက်ထဲက အခန်းလေးတွေ ကျယ်လာတဲ့အထိ ရေတွေစုပုံလာပြီး ဦးနှောက်တစ်ရှူးတွေအပေါ်မှာ ဖိအား သက်ရောက်နေတဲ့ အနေအထားပါ။
ဦးနှောက်ထဲ ရေဝင်တယ်ဆိုတာက ဦးနှောက်အတွင်းမှာ ပုံမှန် မဟုတ်တဲ့ အရည်တွေ စုပုံနေတာမျိုးပါ။ အရည်တွေက ကြည်ပြီး အရောင်မရှိပါဘူး။ ဦးနှောက်တဝိုက်နဲ့ အာရုံကြောမ တဝိုက်မှာ အရည်တွေ စုပုံနေတာမျိုးပါ။
ပုံမှန် အားဖြင့်ကတော့ Cerebrospinal Fluid (CSF) တွေက ဦးနှောက်ထဲက အခန်းလွတ်လေးကနေ စီးဆင်းလာတာပါ။ CSF က ဦးနှောက်ဆီကို အာဟာရတွေ ပို့ဆောင်ပေးသလို ဦးနှောက်ထဲက အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ CSF က ဦးနှောက်နဲ့ အာရုံကြောမကြီးကို သန့်စင်ပေးပြီး ထိခိုက်မှုတွေ မရှိရအောင် ကြားခံအနေနဲ့ လုပ်ဆောင်ပေးပါတယ်။ ပြီးရင်တော့ CSF တွေက သွေးကြောတွေဆီကို ပြန်လည် စီးဆင်းသွားပါတယ်။
ခန္ဓာကိုယ်က CSFတွေကို နေ့စဉ် ထုတ်လုပ်ပေးပြီး သွေးကြောတွေထဲကနေတဆင့် ပြန်လည် စုပ်ယူပါတယ်။ ဒီလို စီးဆင်းစုပ်ယူမှု ဖြစ်စဉ် အဟန့်အတား ဖြစ်သွားချိန်မှာတော့ ဦးနှောက်ထဲမှာ ရေဝင်တာမျိုး ဖြစ်လာပါတော့တယ်။ ဦးနှောက်ထဲမှာ အရည်တွေ စုပုံလာတာက ဦးနှောက်ထဲက အခန်းတွေကို ကျယ်လာစေသလို ဦးခေါင်းထဲမှာ ဖိအားတွေ များလာစေပါတယ်။ ဒီလို ဖိအားတွေ များလာခြင်းက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ခက်စေပါတယ်။
ဦးနှောက်ထဲရေဝင်တာကို ခံစားရနိုင်ခြေက ၁၀၀၀ မှာ ၂ ယောက်လောက်ပဲ ဖြစ်နိုင်တာပါ။ ဦးနှောက်ထဲ ရေဝင်တာက အသက်အရွယ်ကို လိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်သလို ရောဂါ အခြေအနေနဲ့ ရောဂါဖြစ်စဉ် အနေအထားကိုလိုက်ပြီး အခြေအနေတွေက ကွာခြားနိုင်ပါတယ်။
ဦးနှောက်ထဲ ရေဝင်နေပြီဆိုရင် အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
- ဦးခေါင်းက ပုံမှန် မဟုတ်ဘဲ ကြီးလာမယ်
- ဦးခေါင်း အရှေ့ဘက်မှာ ပျော့စိစိ ဖြစ်နေမယ်
- မျက်တောင်အနေအထားက ပုံမှန် မဟုတ်တာမျိုး ဖြစ်နေမယ်
- အော့အန်မယ်
- အိပ်ချင်နေတာမျိုး ဖြစ်မယ်
- အမြင်အာရုံ ပြဿနာတွေ ခံစားရမယ်
- ခေါင်းကိုက်မယ်
- ဖွံ့ဖြိုးမှု နှေးမယ်
- ပင်ပန်းနေမယ်
- ဟန်ချက်ထိန်းဖို့ ခက်မယ်
- ကာလတို မှတ်ဉာဏ် ပျောက်လာမယ်
- မအီမသာ ဖြစ်မယ်
- လမ်းလျှောက်ရခက်လာမယ်
- ဆီးအိမ်ထိန်းနိုင်စွမ်း နည်းလာမယ်
- မေ့တတ်လာမယ် စတာတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေ ခံစားလာရပြီဆိုရင် ပေါ့ဆမနေပဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး လိုအပ်တဲ့ ကူသမှု ခံယူဖို့ လိုပါလိမ့်မယ်။
မွန်မွန်